နေပြည်တော် ဒီဇင်ဘာ ၁၄
၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ အတွက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၁၄-၁၂-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခု ပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် နဝမအကြိမ်မြောက် ကျင်းပပြုလုပ် ခဲ့သည့် ပြပွဲ ဖြစ်ပြီး ပုလဲအတွဲပေါင်း ၂၀၈ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲ၊ အုပ်စု (အေ) ကျောက်စိမ်း အတွဲပေါင်း ၃၃၃ တွဲ၊ အုပ်စု (ဘီ) ကျောက်စိမ်းအတွဲပေါင်း ၁၄၉၀ တွဲနှင့် အုပ်စု (စီ) ကျောက်စိမ်းအတွဲပေါင်း ၂၁၄၃ တွဲ စုစုပေါင်း ကျောက်စိမ်းအတွဲ ၃၉၆၆ တွဲကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့ကြောင်း၊ တာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲအကြိုကာလ၊ ပြပွဲကျင်းပစဉ် ကာလနှင့် ပြပွဲကျင်းပပြီး ကာလများအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုပြပွဲတွင် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကျောက်စိမ်းအတွဲများ ကိုလည်း သတ်မှတ်ရောင်းချခဲ့ပါကြောင်း၊ ပြပွဲတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများ နှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်း များနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုချီးမြှင့်ငွေ များကို ပေးအပ်ချီးမြှင့်ရာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသက်ခိုင် နှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်အထွေထွေ မန်နေဂျာ ဒေါ်မြမြဝင်း မှ ဝန်ထမ်းများ ကိုယ်စား လက်ခံရယူပြီးနောက် အထွေထွေမန်နေဂျာ ဦးသက်ခိုင် က ဂုဏ်ပြုဆုချီးမြှင့် ခံရသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။