နေပြည်တော် နိုဝင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် MSME လုပ်ငန်းရှင်များကို အားပေး မြှင့်တင်ရန်ရည်ရွယ်၍ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်း အတွဲပေါင်း (၆၉၄) တွဲကို ပြပွဲ နဝမနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၄၀၆၀ မှ ၄၈၀၀ ထိ ကျောက်စိမ်း အတွဲပေါင်း ၇၄၁ တွဲကို ပြည်တွင်းရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ယနေ့ နံနက်ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများအား ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးနေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် ၄၀၆၀ မှ ၄၈၀၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက် စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်း အတွဲများကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း (၂၀၈)တွဲ၊ ကျောက်မျက်အတွဲပေါင်း(၆၂)တွဲ၊ အုပ်စု (အေနှင့် ဘီ)မှ ကျောက်စိမ်းအတွဲ (၁၈၂၃) တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည့်အပြင် ပြည်တွင်း ရတနာကုန် သည်များသာ ဝယ်ယူခွင့်ရှိပြီး ကျပ်ငွေဖြင့်သာ ပေးချေဝယ်ယူရမည့် အုပ်စု(စီ)မှ ကျောက်စိမ်း အတွဲပေါင်း (၁၄၂၉) တွဲတို့ကို ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်