နေပြည်တော် နိုဝင်ဘာ ၂၁
၂၀၂၄ ခုနုစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
ယနေ့နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း နှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ယနေ့နံနက်ပိုင်းတွင် ကျောက်မျက်အတွဲအမှတ်(၁)မှ အတွဲအမှတ်(၁၆၀)အထိ တင်သွင်းထားသော ဈေးနှုန်းတင် သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း (၆၂) တွဲရောင်းချရကြောင်း ကြေညာသည်။
ယနေ့ရောင်းချသည့် ကျောက်မျက်အတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးသတ်မှတ်ထားပြီး ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည် များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူရမည်ဖြစ်သည်။
ညနေပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၈၅၀) အထိတင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲပဉ္စမနေ့တွင် ကြေညာသွားမည် ဖြစ်သည်။
ပြပွဲတွင် အုပ်စု(အေ နှင့် ဘီ)တို့မှ ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကို ရောင်းချပေးခြင်းဖြစ်ပြီး ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလက်ခံသည့် နိုင်ငံခြားငွေအမျိုးစားတို့ဖြင့် ပေးချေရမည် ဖြစ်ကာ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် အုပ်စု(အေ)အတွက် နိုင်ငံခြားငွေနှင့် အုပ်စု(ဘီ)အတွက် နိုင်ငံခြားငွေ (သို့မဟုတ်) ကျပ်ငွေဖြင့် ပေးချေဝယ်ယူရမည်ဖြစ်သည်။
အလားတူ ကျပ်ငွေဖြင့် အခြေခံဈေး သတ်မှတ်ထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ရောင်းချခြင်းဖြစ်သည့်အတွက် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိပြီး ကျပ်ငွေဖြင့်သာပေးချေဝယ်ယူရဖြစ်သည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
ယခုကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း( ၂၈၀ )အနက်မှ ပုလဲအတွဲပေါင်း (၂၀၈)ကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း (၁၆၀)အနက်မှ ကျောက်မျက်အတွဲပေါင်း(၆၂)တွဲ ကိုလည်းကောင်း ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးနိုင်ခဲ့ပြီး အုပ်စု(အေ၊ ဘီ နှင့် စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) တွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၇ ရက်အထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်