၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ ဆက်လက်ကျင်းပ၊ ကျောက်စိမ်း အတွဲပေါင်း (၆၁၃)တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၂၂

၂၀၂၄ ခုနုစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှု ကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၈၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၆၁၃) တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနေမှု၊ ရတနာကုန်သည်များက ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းနေမှုနှင့် လုပ်ငန်းကော်မတီအလိုက် ရတနာပြပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို လိုက်လံကြည့်ရှုအားပေးသည်။

ထို့ပြင် ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၈၅၁)မှ (၁၇၀၀) ထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို  တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို  နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း (၂၀၈)တွဲ၊ ကျောက်မျက်အတွဲပေါင်း(၆၂)တွဲ၊  ကျောက်စိမ်းအတွဲ (၆၁၃)တွဲကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များ အား ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့်  ကျောက်စိမ်းအတွဲများကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည့်အပြင် MSME လုပ်ငန်းရှင်များကို အားပေး မြှင့်တင်ရန် ရည်ရွယ်၍ ပြည်တွင်း ရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိပြီး ကျပ်ငွေ ဖြင့်သာ ပေးချေဝယ်ယူရမည်  အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း (၂၂၄၀) ကိုလည်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်